Skip to content
Menu
Internet Bawdar
  • Home
  • About
Internet Bawdar

ကံကိုယုံ၍ ဆူးပုံမနင်းရာ

Posted on January 28, 2019September 11, 2020

အပိုင်း ၁။ ကံကိုယုံ၍ ဆူးပုံမနင်းရာ

စာပေကျမ်းဂန် လေ့လာရတာ စိတ်ဝင်စားတဲ့ မောင်မယ်တို့ရေ ဒီတစ်ခေါက်တော့ ဒီဂျစ်တယ်ပေါ်ဦးက အင်တာနက်ပေါ်က အကျိုးရှိတဲ့ အချက်အလက်နဲ့ ဗဟုသုတတွေကို ဘယ်လို လိမ္မာပါးနပ်စွာ ရှာဖွေလို့ရမလဲဆိုတဲ့ နည်းလမ်းတွေ ပြောပြချင်ပါတယ်။

မောင်မယ်တို့ရေ အင်တာနက်ဆိုတာ လူတွေတည်ဆောက်ထားတဲ့ အရမ်းကို ကျယ်ပြန့်တဲ့ကွန်ရက်တစ်ခုဆိုတာ ပြောဖူးတယ်နော်။ အရင်တုန်းက ဖုန်းတွေနဲ့ စကားပြောဆက်သွယ်ရာကနေ နောက်တော့ ကွန်ပျူတာတွေကိုပါ ကွန်ရက်လို ချိတ်ဆက်ပြီး အချက်အလက်တွေ အပြန်အလှန်ပေးပို့ ဆက်သွယ်လာကြတာပေါ့။ အဲ့လို ကွန်ပျူတာပေါင်းမြောက်များစွာကို ချိတ်ဆက်ထားတဲ့ ကွန်ရက်ကို ဒီကနေ့ အင်တာနက် (အင်္ဂလိပ်လို internet)လို့ ခေါ်တာပေါ့။​ တဖြည်းဖြည်း တစ်ကမ္ဘာလုံးက လူတွေလာချိတ်ဆက်လာကြတော့ ကမ္ဘာတစ်ခုလုံး အချက်အလက်ဖလှယ်တဲ့ ကွန်ရက်ကြီး ဖြစ်သွားတော့တာပေါ့။​

အဲ့ဒီ့အခါမှာ အင်တာနက်ပေါ်မှာ လူတွေ တည်ဆောက်၊ ဖန်တီး၊ ရေးသားထားတဲ့ အကြောင်းအရာတွေက ဘာသာစကားပေါင်းစုံနဲ့ အမြောက်အများရှိကြတယ်။ ဘယ်သူမဆို ကွန်ရက်ထဲမှာ ဝင်ရောက် ဖန်တီးနိုင်တာကြောင့် ကောင်းတဲ့သူတွေ ပြုလုပ်ထားတာတွေက အကျိုးပြုမယ့် အချက်အလက်တွေ ဖြစ်မယ်။ အလိမ်အညာတွေ ပြုလုပ်ထားတဲ့ အရာတွေက အကျိုးမရှိတဲ့အရာတွေ ဖြစ်မယ်။ ဒီကနေ့မှာ အင်တာနက်မှာ Facebook Search တို့ Google Search တို့ကို အသုံးပြုပြီး ကိုယ်လိုချင်တဲ့ အရာတွေကို ရှာတတ်ရင်ရှာတတ်သလို ရှာဖွေတွေ့ရှိနိုင်တာမို့ အချက်အလက် ဗဟုသုတ စုဆောင်းရတာ လွယ်ကူသထက် လွယ်ကူလာပါတယ်။ တစ်ကမ္ဘာလုံးက ပညာရှင်တွေ၊ သိကျွမ်းသူတွေ၊ ပါမောက္ခတွေ၊ သုတေသနဌာနကြီးတွေ၊ အစိုးရဌာကြီးတွေနဲ့ တက္ကသိုလ်တွေက အင်တာနက်ကတစ်ဆင့် သူတို့ရဲ့ ဗဟုသုတတွေကို ဝေမျှထားလို့ ကိုယ့်အတွက် အကျိုးရှိအောင် ရှာဖွေစုဆောင်းလို့ ရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အင်တာနက်မှာတွေ့သမျှ၊ မြင်သမျှ ၁၀၀ ရာခိုင်နှုန်း ကောင်းမယ်လို့ ပြောလို့မရှိလို့ တစ်ခုခုကို မျက်စိမှိတ်မယုံခင် သံသယစိတ်လေးနဲ့ အရင်ဆင်ခြင်ပြီးသုံးသပ်ပြီးမှ ယုံကြရအောင်လား။ ဘယ်လို သုံးသပ်ရမလဲဆိုတာကတော့ အခု ပေါ်ဦးကအောက်မှာ ဆက်ပြောပြမယ်။

၁ ) မူရင်း ရေးသားသူကို ဖော်ထုတ်ပါ။

ဗဟုသုတဆိုတာ အင်တာနက်ပေါ်မှာ သူ့ဟာသူ တန်ခိုးနဲ့ လေထဲမှာပေါ်လာသလို ပေါ်လာတာမဟုတ်ဘူးကွဲ့။ အပြင်ဘဝမှာ စာအုပ်တစ်အုပ်ကို ဖတ်ရင် စာအုပ်ရဲ့ စာရေးဆရာနဲ့ ထုတ်ဝေသူကို အရင်ကြည့်ရသေးသလို အင်တာနက်ပေါ်မှာလည်း စာတစ်ပုဒ်ကို မဖတ်ခင် ရေးသားသူနဲ့ သူ့ရဲ့ အရင်းအမြစ်ကို အရင်ကြည့်ရဖို့ လိုတာပေါ့။ အင်တာနက်ပေါ်က ပို့စ်တစ်ခုက သူ့ရဲ့ အရေးအသားတွေကို အထောက်အထားတွေ၊ မူလအရင်းအမြစ်တွေနဲ့ သေသေချာချာဖော်ပြရင် ကောင်းတဲ့ အချက်အလက်ပဲ။ ရေးသားသူဆိုတာ ပိုစ့်ကို တင်တဲ့သူလို့ အမြဲတမ်းမဆိုလိုဘူး။ သူကိုယ်တိုင်ရေးတဲ့ ဘလော့ခ် ဖြစ်တယ်ဆိုရင်တော့ ပိုစ့်ပိုင်ရှင် (သို့) ရေးသားသူက သူ့နယ်ပယ်မှာ ကျွမ်းကျင်သူတစ်ဦးလား၊ ယုံကြည်ရသူတစ်ဦးလား။ သူ့စာထဲမှာပါတဲ့ ထွက်ဆိုမှုတွေက အထောက်အထားတွေနဲ့ ခိုင်ခိုင်မာမာ ထောက်ပြထားရဲ့လားဆိုတာ ဆန်းစစ်ကြည့်ပါ။ ရေးသားသူရဲ့ အကြောင်းကိုလိုက်ရှာဖတ်ကြည့်မယ်ဆိုရင်လည်း ပိုအကျိုးရှိ သေချာပါမယ်။ ဒါမှမဟုတ် ဒီပိုစ့်ပိုင်ရှင်က တခြားနေရာကနေ ရှာဖွေလာပြီး ပြန်ကူးယူဖော်ပြထားတာလား။ ဒါဆို မူရင်း စာရေးသူကိုလည်း ရှာဖွေရပါ့မယ်။ ဒါမှ ကိုယ်ဖတ်နေတဲ့ အရာက မှန်ကန်တိကျမှုရှိမရှိကို ဆုံးဖြတ်နိုင်ပါမယ်။ #credit ဆိုတာလေး မြင်ရုံနဲ့ မလုံလောက်ဘူးနော်။ ကိုယ်ဖတ်တဲ့ အကြောင်းအရာက blog တို့ website တို့ဆိုရင် အဲ့ဒီစာမျက်နှာတွေကို တည်ထောင်တဲ့ စာရေးသူ (သို့) အဖွဲ့အစည်းက ဘယ်သူလဲဆိုတာ သိမှ ယုံရင်ပိုကောင်းပါမယ်။

၂) ရေးသားထားတဲ့ အကြောင်းအရာရဲ့ အရည်အသွေးကို ဆန်းစစ်ဝေဖန်ပေးပါ။

အင်တာနက်နဲ့ လက်တွေ့ဘဝ ကွာခြားတာတစ်ခုကတော့ စာအုပ်တစ်အုပ် မထုတ်ဝေမီ အကြောင်းအရာ မှန်ကန်ချက်တွေ စာလုံးပေါင်းသတ်ပုံတွေကို ထုတ်ဝေသူတွေက အထပ်ထပ်အခါခါ စစ်ဆေး သုံးသပ်ပြီးမှ ထုတ်ဝေလေ့ရှိကြတာပါ။ အင်တာနက်ပေါ်မှာကတော့ အဲ့ဒီအဆင့် ကိုကျော်သွားပြီး ဘယ်သူပဲမဆို အလွယ်တကူရေးနိုင်ပြီး ကောင်းတဲအရာကော အရည်အသွေးမရှိတဲ့အရာကော ရှိနိုင်တာမို့ စာဖတ်သူကိုယ်တိုင်ကပဲ ဆန်းစစ်ဝေဖန်ပေးမှ ရတာပါ။ အဲ့တော့ ဖတ်တဲ့အခါ သံသယစိတ်လေးနဲ့ စစ်ဆေးကြည့်လို့ရတဲ့ အရာတွေကတော့
> ဒီစာက ဘယ်သူ့ကို ရည်ရွယ်ပြီးရေးထားတာလဲ။
> ရေးသားတဲ့ အရည်အသွေးကောင်းဖို့ စာရေးသူက စားလုံးပေါင်းသတ်ပုံနဲ့ သဒ္ဒါတွေကို အလေးထားရဲ့လား။ ဒါမှမဟုတ် ဂရုမစိုက် ပေါ့ပေါ့ဆဆရေးထားသလား။
> အချက်အလက်တွေကို ဖော်ပြတာ ဘယ်လိုပုံစံမျိုးလဲ။ အတိအကျလား အဲ့ဒါဆို ဘယ်ကရသလဲဆိုတာ အထောက်အထားပြလား။ ဒါမှမဟုတ် ယေဘူယျနှိုင်းယှဥ် ဖော်ပြတာမျိုးလား။ အဲ့လိုမှမဟုတ်ပဲ ထင်ရာကို မှန်းဆ ဖော်ပြထားတဲ့ ပုံစံလား။
> စာရေးသူက သူမသိတာကို ရှင်းရှင်းဖော်ပြထားရဲ့လား။ မသေချာတာ၊ မသိတာကို ဝန်ခံတာက ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ အဲ့လိုမှ မဟုတ်ရင် ကိုယ်မသိပဲ မှန်းရေးထားတဲ့ အမှားကို သူများယုံသွားရင် အကျိုးမရှိနိုင်ပါ။
စတာတွေက အခြေခံစဉ်းလို့ ရမယ့်အချက်ကောင်းတွေပါ။

၃) နေရာကို သုံးသပ်ပါ။

မောင်မယ်တို့ ဖတ်နေတဲ့စာက ဖေ့ဘုတ်ပေါ်မှာလား၊ Youtubeလား၊ ဘလော့ဂ်လား၊ ဝီကီပီးဒီယား (Wikipedia) လား၊ website တစ်ခုခုလား ဒါမှမဟုတ် တက္ကသိုလ်တစ်ခုခု၊ အစိုးရဌာနတစ်ခုခု (သို့) အဖွဲ့အစည်းတစ်ခုခုရဲ့ website လား ဆိုတာကို ပြန်သုံးသပ်ပါ။ ပလက်ဖောင်းတစ်ခုစီက သူတို့ သဘောသဘာဝချင်း မတူတာကြောင့် ဗဟုသုတနဲ့ အချက်အလက်ရဲ့ အရည်အသွေးတွေလည်း ပြောင်းသွားနိုင်တယ်။

ဥပမာ ဖေ့ဘုတ်၊ Youtubeနဲ့ ဘလော့ဂ်ဆိုရင် ဘယ်သူမဆို အလွယ်တကူ တင်နိုင်တာကြောင့် စာရေးသူ (သို့) ပိုစ့် ပိုင်ရှင်ကို သေချာသုံးသပ်ဖို့လိုမယ်။ အဖွဲ့အစည်းတွေ တည်ဆောက်ထားတဲ့ website ဆိုရင် သူတို့ရဲ့ ယုံကြည်နိုင်မှု ဘယ်လောက်ရှိလဲ ဆိုတာကြည့်ဖို့လိုမယ်။ Wikipedia ဆိုရင်တော့ အခြေခံနဲ့ အထွေထွေဗဟုသုတနဲ့ သိအောင်ဖတ်မယ်ဆိုရင် အဆင်ပြေနိုင်ပေမယ့် သူ့ထဲက အချက်အလက်တွေ ပြောဆိုချက်တွေကို ပြန်သုံးတော့မယ်ဆိုရင် သူတို့ ကိုးကားထားတဲ့ ကျမ်းကိုးတွေကို သေချာထပ်စစ်ဆေးဖို့လိုသလို တခြားနေရာက အရင်းမြစ်တွေနဲ့လည်း တိုက်ဆိုင် စစ်ဆေးကြည့်ဖို့လည်းလိုပါမယ်။

နောက် စစ်ဆေးနည်း တစ်ခုကတော့ website ရဲ့ စာမျက်နှာပေါ်က သင်မြင်နေရတဲ့ အကြောင်းအရာ (သို့) ပိုစ်တစ်ခုတည်းနဲ့ပဲ အရည်းအသွေးကောင်းမကောင်း မစစ်ဆေးနိုင်ရင် အဲ့ဒီ website တစ်ခုလုံးက တခြားအကြောင်းအရာတွေကို ထပ်လေ့လာပြီးတော့ နှိုင်းယှဉ် ဆန်းစစ်ကြည့်ပါ။

၄) အခြားနေရာတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။

အင်တာနက်ပေါ်က အကြောင်းအရာတစ်ခုခုကို တထစ်ချ မယုံခင် အဲ့ဒီအကြောင်းအရာကို နေရာ နှစ်နေရာ သုံးနေရာလောက်နဲ့ နှိုင်းယှဥ်ပြီး စစ်ဆေးကြည့်တာကလည်း အလေ့အကျင့်ကောင်းပါ။ တခြားနေရာက သူတွေကကော် ဘယ်လိုပြောလဲ၊ သူတို့ကော် ဘယ်က အထောက်အထားတွေရှာကြလဲ စသဖြင့် နည်းနည်းတော့ အပင်ပန်းခံလိုက်ပါ။ Google Search က နေ အလွယ်တကူ ထပ်မံ ရှာဖွေပြီး တိုက်စစ်ကြည့်လို့ရပါတယ်။

ကဲ… ဒီလောက်ဆို စာပေကျမ်းဂန်နဲ့ ဗဟုသုတ ရှာမှီးချင်တဲ့ မောင်မယ်တို့ ကျွမ်းကျင်သွားလောက်ပြီနော်။ ဆက်လက်ပြီး ရှေ့တစ်ပိုင်းမှာ ဒီဂျစ်တယ်ပေါ်ဦးက အင်တာနက်ပေါ်မှာ အကျိုးရှိတဲ့ အချက်အလက်နဲ့ ဗဟုသုတတွေကို ရှာမှီးနိုင်မယ့် နေရာတစ်ချို့ကို ရှာဖွေပြမယ်။

နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို
အရမ်း ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ကိစ္စတွေကို အွန်လိုင်းမှာ မပြောသင့်ပါ။
လာသမျှလူတိုင်းကို မျက်စိမှိတ် လက်မခံမိမှ တန်ကာကျမည်
Facebook ပေါ်မှာ ကိုယ်အပြင်မှာ မသိတဲ့သူတွေနဲ့ သူငယ်ချင်း ဖြစ်တယ်ဆိုရင် ဘာတွေ ဆင်ခြင်ဖို့လိုမလဲ။
ဝါဝါမြင်တိုင်း ရွှေမဟုတ်
လူမှုကွန်ရက်ပေါ်မှာ အကောင့်တုအယောင်တွေ ရှိနေတတ်တယ်ဆိုတာ သတိထားပါ။
လမ်းဆုံက လူမှုကွန်ရက်
လူမှုကွန်ရက် အမျိုးမျိုးရဲ့ သဘောသဘာဝ အကြောင်းကို ပြောပြမယ်။
ဘယ်သူမပြု မိမိမှု
လူမှုကွန်ရက်ပေါ် ဘေးကင်းလုံခြုံမှုနဲ့ ပက်သက်တဲ့ သိကောင်းစရာ ဆင်ခြင်စရာတွေ ပြောပြမယ်။
အပိုင်း ၃။ အင်တာနက် ဘေးကင်းလုံခြုံမှုဆိုတာ
အင်တာနက် ဘေးကင်းလုံခြုံမှုအကြာင်း ပြောပြမယ်။
အပိုင်း ၂။ လူမှုကွန်ရက်ခေတ်ဆိုတော့လည်း
လူမှုကွန်ရက်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ။
အပိုင်း ၁။​ အင်တာနက်ဆိုသည်မှာ
အင်တာနက်ကို ဘယ်လို တည်ထောင်ကြလဲ။
အပိုင်း ၁။ အင်တာနက် အသိုက်အဝန်းပေါ်ဝယ်
ဒီဂျစ်တယ် နိုင်ငံသားတိုင်းအတွက်လည်း နိုင်ငံသားတာဝန်တွေ၊ နီတိတွေဆိုတာ ရှိပါတယ်ကွယ်။
« Previous 1 … 3 4 5

Related

©2021 Internet Bawdar | Powered by SuperbThemes & WordPress
Info

အွန်လိုင်းပေါ်က ဘော်ဒါအပေါင်းတို့ရေ၊ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုရာမှာ နည်းပညာနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဘော်ဒါတို့ ဘေးကင်းလုံခြုံဖို့ ရှိသင့်တဲ့ ဗဟုသုတတွေနဲ့ သာယာပျော်မွေ့ဖွယ် အင်တာနက်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ သိသင့်သိထိုက်တာတွေကို ဆွေးနွေးအကြံပေးမယ့် အင်တာနက်ဘော်ဒါတွေ လာပြီနော။