အပိုင်း ၈။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုသလို
မောင်မယ်တို့ရေ လူမှုကွန်ရက်ဆိုတာ တစ်ချိန်တည်းမှာ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေအကုန်လုံးကို ကိုယ့်အကြောင်းတွေ အလွယ်တကူ ပြောပြနိုင်အောင်လို့ ပြုလုပ်ထားပေးတဲ့အတွက် လူတွေနဲ့ ဆက်ဆံတုန့်ပြန့်တာတွေ အလွယ်တကူလုပ်နိုင်တာပေါ့။ ဒါပေမယ့် ကိုယ့်ရဲ့တစ်ချို့ကိစ္စတွေက လူတွေသိသင့်တဲ့ အရာင်္တွေရှိသလို တစ်ချို့ကိစ္စတွေက နှုတ်ကြောင့်သေ လက်ကြောင့်ကြေ ဆိုသလိုမျိုး ကိုယ့်အန္တရာယ်ကျရောက်မယ့်အရာတွေကိုတော့ လူမှုကွန်ရက်မှာ မဝေမျှသင့်ပါဘူး။
တစ်ခါတစ်လေကျရင် ကိုယ့်ကိုလူအထင်ကြီးမယ့်အကြောင်းတွေကို လူတွေက တင်ချင်လေ့ရှိတာက သိပ်အကြောင်းမဟုတ်ပေမဲ့ တစ်ခါတစ်လေကြတော့ ကိုယ်သိပ်ကြွားလွန်းရာကနေ အန္တရာယ်ကို ဖိတ်ခေါ်သလိုမျိုး မထင်မှတ်ပဲ ဖြစ်သွားနိုင်တယ်။ ကိုယ့်အကြောင်းကို လူတိုင်း ထဲထဲဝင်ဝင်သိသွားစေမယ့် အချက်အလက်တွေဆိုတာက ဥပမာ – ကိုယ့်မှာပိုက်ဆံဘယ်လောက်ရှိတယ်၊ ဘယ်လောက်လခထုတ်လာတယ်၊ ကိုယ်ဘယ်မှာနေတယ်၊ ကိုယ်ဘယ်အချိန်အိမ်ပြန်လေ့ရှိတယ်၊ ပိတ်ရက်တွေဆို ဘယ်တွေသွားလေ့ရှိတယ် ဘယ်သူတွေနဲ့တွေ့လေ့ရှိတယ် ဆိုတာတွေကို status အဖြစ်တင်နေတာက ကိုယ့်အကြောင်းတွေကို လူအများသိအောင် share မိနေခြင်းပဲဖြစ်တယ်။ ဒါ့ကြောင့် status တင်မယ်ဆိုရင် သေချာစဉ်းစားပြီးမှ တင်ဖို့ကတော့ အရေးကြီးပါတယ်။
နောက်ပြီး ပိုအန္တရာယ်ရှိတာက ကိုယ်ဘဏ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိတာ၊ ရွှေတွေဘယ်လောက်ရှိတာ၊ တန်ဖိုးကြီးပစ္စည်းဘယ်လောက်ရှိတာကို ထုတ်ပြတာမျိုးပေါ့။ အရေးကြီးဆုံးက ကိုယ့်အားနည်းချက်လို ဖြစ်မယ့်အရာတွေကို လူတွေမြင်အောင် ထုတ်ဖော်ပြတာက အန္တရာယ်ကို ဖိတ်ခေါ်တာပဲ။
တစ်ခု မှတ်မိထားရမှာက ကိုယ်တင်တာကို မြင်နိုင်တဲ့သူတွေကို ကန့်သတ်ထားတာမရှိရင် လူတိုင်းမြင်နိုင်တယ်ဆိုတာပဲ။ ဘယ်လိုသတ်မှတ်ရမလဲဆိုတာကို နောက်ကျရင်ဆက်ပြောပြမယ်။ ကိုယ်က ကိုယ့်ကွန်ရက်ထဲမှာ ဘယ်သူတွေရှိနေတယ်ဆို အကုန်မမှတ်မိသလို ဘယ်သူတွေက ကိုယ့်တင်သမျှတွေကို မြင်နေမလဲဆိုတာကိုလည်းမသိနိုင်ဘူးလေ။ အဲ့တော့ အစကတည်းက ကိုယ့်ကိုအန္တရာယ်ဖြစ်လာနိုင်တဲ့ ဒီလိုကိစ္စတွေကိုမပြောတာက ဘေးအကင်းဆုံးပေါ့။