အပိုင်း ၅။ လမ်းဆုံက လူမှုကွန်ရက်
ဇီးကွက်ရေ အရင်တစ်ခေါက်က ပြောခဲ့သလို လူမှုကွန်ရက်ဆိုတာ အင်တာနက်ပေါ်က ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူတွေ ဒီနည်းပညာကို သုံးကြတဲ့ အဓိကအကြောင်းအရင်းကြီး တစ်ခုလည်း ဖြစ်တယ်။ အင်တာနက်ကြောင့်လည်း ဒီခေတ်မှာ လူတွေအချင်းချင်း အများကြီး ထိတွေ့ဆက်ဆံလာဖြစ်ကြတယ်။
Facebook
ကဲ ပထမဆုံးက Facebook ဆိုတဲ့ နာမည်နဲ့ လူမှုကွန်ရက်။ ပြည်မြန်မာကြီးမှာတော့ သူက နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး ကွန်ရက်တစ်ခုပါပဲ။ Facebookပေါ်မှာ ရောက်နေတဲ့ ကိုယ့်မိသားစုတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့ ကိုယ်ကသွားချိတ်ဆက်လို့ရပြီး သူတို့ ကိုယ့်ရဲ့ အကြောင်းကို စကား၊ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ အားလုံးကို တစ်ချိန်တည်းမှာပဲ ပြောပြလို့ရတယ်။ အဲ့ဒီမှာ… သိသင့်တဲ့ အချက်တစ်ချက်ကတော့ ကိုယ်ပြုလုပ်ထားတဲ့ အကြောင်းအရာတွေကို ကိုယ့်အသိုင်းအဝိုင်းထဲမှာပဲ friends only ဆိုတဲ့ ရွေးချယ်ပြီး ဖော်ပြထားရင် ကိုယ့်အသိုင်းအဝိုင်းထဲက လူတွေပဲ မြင်ရတာလုပ်ထားလို့ရသလို public ဆိုပြီး ဖော်ပြထားရင် အင်တာနက်ပေါ်မှာ အဲ့ဒါကို ဘယ်သူမဆို မြင်နိုင်တယ်ဆိုတဲ့ အချက်က သိထားသင့်တယ်။ အဲ့လိုမျိုးရတယ်ဆိုတကာ အသုံးပြုသူတစ်ယောက်က သူ့ရေးကိုယ်တာကိစ္စကိုပဲ သူ့သူငယ်ချင်းတွေကြားမှာပဲ ပြောချင်တာ ဆိုရင်လည်း အဆင်ပြေအောင်၊ အဲ့လိုမဟုတ်ပဲ Facebook ပေါ်မှာ လူသန်းပေါင်းများစွာ ရှိတဲ့အချက်ကို အသုံးချပြီး ကိုယ်ပြောမယ့် အရာက လူတိုင်းသိသင့်တယ်လို့ထင်လို့ လူတိုင်းသိနိုင်အောင် public အနေနဲ့ ပြောရင်လည်း ရအောင် Facebook လုပ်ပေးထားတာပါ။
အဲ့ဒီအခါ သူများတွေ လုပ်ထားတဲ့အကြောင်းအရာကို ကိုယ့်ကဝေမျှပြီး ကိုယ့်သူငယ်ချင်းတွေမြင်ရအောင် လုပ်တယ်ဆိုရင် ကိုယ် public နဲ့ ရေးတာကိုလည်း သူများက အဲ့လိုပြန်ဝေမျှလို့ရတယ်။ အဲ့လိုနဲ့ ဒီ Facebook လက်ဖက်ရည်ဆိုင်ကြီးမှာ အကြောင်းအရာတွေက အများကြီး ရှိနေတာပေါ့။ အကြောင်းအရာထုတ်လုပ်တဲ့သူတွေကလည်း ဇီးကွက်လို သာမန်သူတွေ ရှိသလို သတင်းဌာနတွေ၊ စျေးဆိုင်တွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးသမားတွေ အစရှိရှိသမျှ အားလုံးက ပြုလုပ်ချင်တဲ့အကြောင်းအရာ၊ ပြောချင်တဲ့ အကြောင်းအရာတိုင်းကို ကိုယ်ပိုင် စာမျက်နှာ (page) ဒါမှမဟုတ် profile တွေနဲ့ ရေးထားကြတာပေါ့။ အဲ့တော့ ကမ္ဘာပေါ်မှာ Facebook သုံးတဲ့လူ လူသန်း ၂ ထောင် ကျော်လောက်က ပြုလုပ်တဲ့ အကြောင်းအရာတွေဆိုရင် နင်စဉ်းစားကြည့်တော့။ အဲ့ထဲမှာ public လုပ်ထားတဲ့အကြောင်းအရာကို နင်အကုန်မြင်နိုင်တယ်။ အဲဒီတော့ အဲ့လောက်လူတွေများလွန်းတာ လူကောင်းတွေအများကြီးပါသလို လူဆိုးတွေကလည်း မကောင်းတဲ့အကြောင်းအတွေ၊ သူများကို ထိခိုက်စေမယ့်အကြောင်းတွေရေးတင်နေကြတာ ရှိနိုင်တာပေါ့။ အဲ့တော့ ဇီးကွက် နင်တွေ့သမျှကို ယုံလို့မရဘူး။ အထူးသဖြင့် ကိုယ်မသိတဲ့လူတွေဆီက လာတာတွေဆိုရင် ပိုသတိထား ဆင်ခြင်ရမှာပေါ့။
Twitter
Twitter ဆိုတာ သတင်းအတိုအဆလေးတွေ၊ ကိုယ့်ရဲ့အတွေးအမြင်အတိုအဆလေးတွေကို လူတွေအများကြီးဆီကို မြန်မြန်ရောက်အောင် ပို့ဆောင်ပေးတဲ့ ကွန်ရက်တစ်ခုပေါ့။ အကြောင်းအရာက စိတ်ဝင်စားဖို့ကောင်းလေလေ၊ လူများများဆီ ပြန့်လေလေပေါ့။ အဲ့တော့ Twitter ရဲ့ သဘောသဘာဝကတော့ ကိုယ်ဘာပြောပြော လူတိုင်းမြင်နိုင်အောင် လုပ်ပေးထားတာပါ။ ကိုယ်ပြောတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားတဲ့သူတွေက ကိုယ့်ကို လာ follow လုပ်လို့ရတယ်။ အဲ့လူတွေကို ကိုယ့်ရဲ့ follower တွေလို့ ခေါ်တာပေါ့။ ကိုယ်ကလည်း သူများကို အဲ့လိုပဲ ပြန်လုပ်လို့ရတယ်။ တစ်ခုတော့ ရှိတယ်။ ကိုယ့်ကို follow လုပ်မဲ့သူတွေကို ကိုယ့်ခွင့်ပြုမှ follow လုပ်လို့ရအောင် လုပ်ထားမယ်ဆိုရင်တော့ ထိန်းချုပ်လို့ရတယ်။ ဒါပေမဲ့ Twitter ရဲ့ သဘောသဘာဝအရတော့ ကိုယ်တင်သမျှအရာကို လူတိုင်း ယူလို့ရတယ်၊ ကြည့်လို့ရတယ်ဆိုတာ သတိမူကြလေ။
Instagram
Instagram ဆိုတာကလည်း Twitter လိုပါပဲ။ သူကတော့ ပုံတွေအဓိကတင်ရတဲ့ကွန်ရက်ပေါ့။ သူ့ရဲ့အဓိပ္ပါယ်ကတော့ “ချက်ချင်းရိုက် ချက်ချင်းတင်” တဲ့။ ကိုယ်ရိုက်ထားတဲ့ ပုံလှလှလေးတွေ လူတွေအများကြီးကို ပြဖို့ လုပ်ထားတဲ့ သဘောသဘာဝပေါ့။ သူကလည်း Twitter လိုပဲ ကိုယ့်ပုံတွေ ကြည့်ချင်တဲ့သူတွေက လာ follow လုပ်လို့ရသလို ကိုယ်ကလည်း သူများပုံတွေကို ကြည့်ချင်ရင် follow သွားလုပ်လို့ရပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ပုံကို လူတိုင်းမမြင်စေချင်ရင် ကိုယ့်ကို follow လုပ်မယ့် သူတွေကို ကိုယ်ခွင့်ပြုမှ follow လုပ်လို့ရအောင် ကိုယ်ထိန်းချုပ်လို့ရတယ်။ Twitter နဲ့ မတူနဲ့ အချက်ကတော့ ကိုယ့်ရဲ့ပုံတွေကို သူများတွေက ပြန် Share လို့မရပါဘူး။ ဒါပေမဲ့ တစ်ချို့တွေကတော့ screenshot ရိုက်ယူပြီး ပုံတွေယူထားနိုင်တာမို့ ကိုယ့်ပုံတွေကို စိစစ်ပြီးမှ တင်သင့်တယ်နော်။