အပိုင်း ၂။ မရှိတောင့်တ ရှိကြောင့်ကြ
မောင်မယ်တို့ရေ အင်တာနက် ဆက်သွယ်ရေးနည်းပညာကြောင့် စာဥတို့ဟာ မိသားစုတွေနဲ့ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်နိုင်တော့ အဆင်ပြေတာပေါ့နော်။ တစ်ချိန်တည်းမှာပဲ တခြားမသိတဲ့သူတွေနဲ့ သိကျွမ်းနိုင်ဖို့ အခွင့်အလမ်းတွေလည်း ပေးတယ်နော်။ ဒီလိုမျိုး အခွင့်အလမ်းတွေ ရှိတာက ကောင်းတဲ့သူတွေနဲ့ ကြုံတဲ့အခါ ကိုယ့်အတွက် ကောင်းကျိုးရှိနိုင်သလို၊ မသမာသူတွေနဲ့ ကြုံတဲ့အခါမှာလည်း ကိုယ်ကို မထိခိုက်နိုင်လေရအောင် အသိပညာတွေရရှိထားတော့ ဘယ်သူလာလာ ခေါင်းမစားတော့ဘူးပေါ့နော်။
အဲ့လို မကောင်းတဲ့ သူတွေက အွန်လိုင်းပေါ်ကနေ အနိုင်ကျင့်ခြင်း (Cyber Bullying) ဆိုတာမျိုး လုပ်တတ်တယ်။ အဲ့ဒါကတော့ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တက်ဘလက်တွေ စတဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေပေါ်ကနေတစ်ဆင့် ဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ခုပါ။ တိုတိုပြောရရင်တော့ နည်းပညာသုံးပြီး အနိုင်ကျင့်တာမျိုးပါ။ ဘယ်လိုနေရာတွေမှာ ဖြစ်လဲဆိုတော့ ဖုန်းစာတို(SMS)ပို့ရာက တစ်ဆင့်၊ အီးမေးလ်တွေ၊ စကားပြောတဲ့ အပ်ပလီကေးရှင်းတွေ၊ ဒါမှမဟုတ် ဆိုရှယ်မီဒီယာတွေပေါ်က တစ်ဆင့် ဖြစ်တတ်ကြတယ်။ အဆိုးဆုံးကတော့ အွန်လိုင်းပေါ်မှာ အနိုင်ကျင့်ရုံတင်မက အပြင်မှာလည်း တစ်ခုခုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေပါ ပါလာတာပါ။
ပေါ်ဦးပြောသလိုပဲ တစ်ခါတစ်လေ အင်တာနက်ပေါ်မှာ သူက ကိုယ့်ကို တိုက်ရိုက်တိုက်ခိုက်တာ ဒါမှမဟုတ် ထိခိုက်အောင် ပြောဆိုတာ မဟုတ်ပေမဲ့လည်း သူခက်ထန်စွာပြောထားတဲ့ အကြောင်းအရာတွေက ကိုယ့်ကို သွယ်ဝှက်ပြီး စိတ်ထိခိုက်စေမယ်ဆိုရင်လည်း ဆိုးရွားပါတယ်။ ယနေ့ခေတ် တချို့နိုင်ငံတွေမှာ အွန်လိုင်းပေါ်ကနေ အနိုင်ကျင့်တာတွေကြောင့် လူငယ်အချို့ စိတ်ထိခိုက်လွန်းပြီး နောက်ဆုံး သတ်သေသွားတာမျိုးတွေ ရှိဖူးပါတယ်။ သွယ်ဝိုက်ပြီး ထိခိုက်တယ်ဆိုတာက လူတစ်ဦးဦးရဲ့ ခန္ဓာကိုယ်အရွယ်အစား၊ အသားအရောင် နဲ့ ရုပ်အသွင်အပြင်၊ သူ့တို့ရဲ့ဘဝနေထိုင်မှုပုံစံ၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု အလေ့အထ၊ သူတို့လက်တွဲဖော်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ၊ လူတစ်ယောက်ရဲ့ မသန်စွမ်းမှုအခြေအနေ၊ ကျား,မ ဖြစ်ခြင်းနဲ့ အသက်အရွယ် စတာစတာ တွေကို အခြေခံပြီး မုန်းတီးစွာပြောဆိုတာတွေကြောင့် ကိုယ်က အဲ့လူမဟုတ်ပေမဲ့ အဲ့ဝိသေသရှိတဲ့ လူတစ်ယောက်က ရက်ရက်စက်စက်ဆဲဆိုခံတာကို မြင်ရ၊ ကြားရ၊ ဖတ်ရတဲ့အခါ စိတ်ထိခိုက်သွားနိုင်တယ်လေ။ ဆိုတော့ အင်တာနက်ပေါ်က အနှောင့်အယှက်တွေ ကိုယ့်ဆီကို မရောက်လာအောင် ကာကွယ်ဖို့လိုရုံသာမက ကိုယ်ကလည်း သူများကို မထိခိုက်မိအောင်လည်း သတိထားတတ်ဖို့လိုမယ်။ အဲ့ဒါကြောင့် အခု ပြောထားတဲ့ အချက်တွေကော စာဥနောက်ဆက်ပြောပြမယ့် အချက်တွေကိုပါ ဆင်ခြင်တတ်ဖို့လိုပြီး အွန်လိုင်းမှာလည်း မမြင်ရဘူးဆိုပြီး မဆင်မခြင် စိတ်ရှိတိုင်း လျှောက်ပြောလို့မရဘူး။
ကဲအဲ့တော့ စာဥတို့တစ်တွေ အင်တာနက်ပေါ်မှာ နေထိုင်တဲ့အခါ
၁) ကိုယ့်ကိုယ့်ကို ဘေးကင်းအောင် နေတတ်ထိုင်တတ်ဖို့လိုတယ်။
၂) သူများတွေကို နှောင့်ယှက်မိမယ့် အပြုအမူတွေကို ရှောင်ကျင်တတ်ဖို့လိုမယ်။
၃) ကိုယ့်ပတ်ဝန်းကျင်နဲ့ လူ့အသိုက်အဝန်းကို ထိခိုက်စေမယ့် အရာများမဖြစ်အောင် ကျင့်ဝတ်များကို စောင့်ထိန်းရမယ်။
အရင်တစ်ခါက စာဥရဲ့ ဘော်ဒါကြီးပေါ်ဦးက ကိုယ့်ကိုယ်ကို ဘယ်လိုဘေးကင်းအောင် ဆင်ခြင်နေထိုင်ရမလဲဆိုတာကို အကျယ်တဝင့် ပြောပြပြီးထားပြီနော်။ အခု စာဥကတော့ ဒုတိယအချက် နဲ့ တတိယအချက်တွေနဲ့ပက်သက်တဲ့ ဒီဂျစ်တယ်နီတိအကြောင်းတွေကို ပြောပြမယ်။