အပိုင်း ၁။ အင်တာနက်ဆိုသည်မှာ
အမလေးဇီးကွက်ရေ… ဒီနေ့ခေတ်က သတင်းအချက်အလက်ခေတ်ဆိုပဲ။ အင်တာနက်ခေတ်တဲ့။ တိုးတက်တဲ့ နိုင်ငံတွေမှာ အင်တာနက်ပေါ်က သတင်းအချက်အလက်တွေကို အကျိုးရှိရှိအသုံးချပြီး လူတွေဘဝကို တိုးတက်ကောင်းမွန်လာအောင် ဆန်းသစ်တီထွင်မှုတွေ လုပ်ကုန်ကြပြီပဲ။ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာကြောင့် ဇီးကွက်တို့ ပေါ်ဦးတို့လို အင်တာနက်အသုံးပြုသူတွေဟာ နေ့စဉ်နဲ့အမျှ သတင်းအချက်အလက်တွေ အကြောင်းအရာတွေကို ဖန်တီးပြီး အင်တာနက်ပေါ်မှာ ဝေမျှနေကြတဲ့ နှုန်းက အလွန်တရာ များပြားကျယ်ပြန့် လာလေတယ်ကွယ်ရို့။
အဲ့လောက် များပြားကျယ်ပြန့်လှတဲ့ သတင်းအချက်အလက်တွေကို အကျိုးရှိအောင် အသုံးချတတ်တဲ့သူတွေက တပန်းသာသွားတာပဲလေ။ မသိသူကျော်သွား သိသူဂျင်းထည့်.. အဲအဲ.. သိသူဖော်စားတဲ့လေ။ ဒီကနေ့ မိမိဘဝတစ်စိတ်တစ်ပိုင်းမှာ အင်တာနက်က မရှိမဖြစ် ပါဝင်လာတဲ့ ခေတ်မှာတော့ အင်တာနက်ပေါ်မှာ နေထိုင်တဲ့ မောင်မယ်တို့အတွက် သိထိုက်တဲ့ ကျွမ်းကျင်မှုကို လေ့လာရင်း စမတ်ကျတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြရာပေါ့ကွယ်။
အင်တာနက်မှာ စမတ်ကျတဲ့ မောင်မယ်လေးတွေ ဖြစ်စေဖို့ ပထမအရေးကြီးတဲ့ အချက်ကတော့ ကိုယ့်ကိုယ်ကို ဘေးကင်းလုံခြုံမှုရှိအောင် အရင်လုပ်ရမတဲ့။ ပြီးရင်တော့ အင်တာနက်ပေါ်က အကျိုးရှိတဲ့ အချက်အလက်တွေကို ဘယ်လိုရှာရမလဲဆိုတာ လေ့လာကြည့်ပါ။ နောက်ပြီးရင်တော့ အင်တာနက်က apps တွေကို ကိုယ့်အတွက် အသုံးကျအောင် ဘယ်လို ရှာဖွေရမလဲဆိုတာ ဘော်ဒါတွေက ဆက်ပြောမယ်တဲ့။