အပိုင်း ၁၄။ ပြောင်းလဲချိန်တန်ပြီ… စကားဝှက်
ဟဲ့ဇီးကွက်… နင့်အကောင့်ကိုရော ဘယ်သူဖွင့်ပေးတာတုန်း။ နင်ကိုယ်တိုင်ဖွင့်တာရော ဟုတ်ရဲ့လား။ ငါစိတ်ပူလို့ မေးတာပါဟ။ တစ်ချို့ မောင်မယ်တို့က အကောင့်တွေကို ကိုယ်တိုင်မဖွင့်တတ်တော့ နီးစပ်ရာဖုန်းဆိုင်တွေမှာ ဖုန်းဝယ်ရင်းနဲ့ပဲဖြစ်ဖြစ်၊ ငွေပေးပြီးပဲဖြစ်ဖြစ် သူတို့ရဲ့ လူမှုကွန်ရက်အကောင့်တွေကို သွားဖွင့်ကြတယ်လေ။ ပြီးတော့ သူတို့ရဲ့ လူမှုကွန်ရက်အကောင့်တွေကို စကားဝှက်မပြောင်းပဲ ဆိုင်ကဖွင့်ပေးတဲ့အတိုင်း ဆက်သုံးကြတယ်လေ။ အဲ့လိုနဲ့ အကယ်လို့ သူတို့အကောင့်တွေကို ဖွင့်ပေးတဲ့သူတွေက အကောင့်တွေကို စောင့်ကြည့်လေ့လာနိုင်ပြီး သူတို့ လူမှုကွန်ရက်တွေပေါ်မှာ ဘာသုံးတယ်၊ ဘယ်သူတွေနဲ့ ဘာပြောတယ်ဆိုတာကို ဖွင့်ပေးတဲ့သူတွေက သိနေနိုင်တာပေါ့။
ပြီးတော့ ကိုယ်တင်ထားတဲ့ကိုယ့်ပုံတွေကို တစ်ခြားတစ်နေရာမှာ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ အသုံးပြုပြီး ကိုယ့်ကို ခြိမ်းခြောက် ပိုက်ဆံညှစ်တာမျိုးတွေ အများကြီးရှိတာမို့ တော်တော်ကိုမှ သတိထားကြဖို့လိုပါမယ်။ ဒါကြောင့် ကိုယ့်ရဲ့လူမှုကွန်ရက်အကောင့်ကို တစ်ခြားသူ သို့မဟုတ် ဖုန်းဆိုင်က ဖွင့်ပေးခဲ့ရင်တောင် ကိုယ်ရဲ့ လူမှုကွန်ရက်အကောင့်စကားဝှက်ကို သူတို့လုပ်ပေးထားတဲ့အတိုင်း ဆက်အသုံးမပြုပဲ မိမိရဲ့ ကိုယ်ပိုင် စကားဝှက်အသစ်တစ်ခုကို ပြောင်းလဲအသုံးပြုမှသာ လုံခြုံစိတ်ချရမယ်နော်။
ကဲ အခု Password တွေကဘယ်လောက်အရေးကြီးလဲဆိုတာသိပြီဆိုတော့ Password တွေကို ခိုင်ခိုင်မာမာဖြစ်အောင် ပြန်ထားချင်တဲ့သူတွေပြန်ထားနိုင်ဖို့ ဘယ်လို ပြောင်းရမလဲဆိုတာကို ပြောပြမယ်နော်။
အခုကတော့ Facebook မှာ ဘယ်လိုပြောင်းရမလဲဆိုတာ အရင်ပြောပြလိုက်ပါမယ်။
(၁) ပထမဆုံးလုပ်ရမှာကတော့ Facebook Application ထဲကိုသွားပါ။
(၂) အပေါ်ဆုံးနားက Icon ငါးခုထဲကနောက်ဆုံးတစ်ခုဖြစ်တဲ့ “လိုင်း၃လိုင်း”ပါတဲ့ ပုံလေးကိုနှိပ်လိုက်ပါ။
(၃) ဒီလိုပုံလေးပေါ်လာရင် အပေါ်ကိုနည်းနည်းထပ်ပြီးဆွဲတင်လိုက်ပါ။
(၄) ခွေးသွားစိတ်ပုံလေးနဲ့ပြထားတဲ့ Setting & Privacy ဆိုတာကိုနှိပ်လိုက်ပါ။ ပြီးရင် သူ့အောက်က Settings ဆိုတာကို ထပ်နှိပ်ပါ။
(၅) ဒိုင်းပုံစံလေးနဲ့ပြထားတဲ့ Security and Login ဆိုတာကိုထပ်နှိပ်ပါ။
(၆) ဒီလိုပုံလေးမြင်ရပြီဆိုရင် သော့တံပုံလေးနဲ့ ပြထားတဲ့ Change password ဆိုတာကို ထပ်နှိပ်ပါ။
(၇) ဖြည့်ရမယ့်စာကြောင်းသုံးကြောင်းကိုမြင်ရ ပါလိမ့်မယ်။ ပထမဆုံးကတော့ ကိုယ်အခုထားထားတဲ့ Password ကို ရိုက်ထည့်ပေးရမှာပါ။ ဒုတိယတစ်ခုကတော့ ကိုယ်အခုအသစ်ထားချင်တဲ့ Passwordကိုထည့်ထားရမှာဖြစ်ပါတယ်။ တတိယတစ်ခုကလည်း အသစ်ထားချင်တဲ့ Password ကိုပြန်ရိုက်ထည့်ပေးရမှာပါပဲ။ ပြန်ပြီးတော့သေချာအောင်စစ်တဲ့သဘောမျိုးပါ။ ပြီးပြီဆိုရင်တော့ Save Changes လို့ရေးထားတဲ့ အပြာရောင်စာကြောင်းလေးကိုနှိပ်လိုက်ပါ။
(၈) Change password ကိုနှိပ်လိုက်ပြီဆိုရင်တော့ ဒီလိုပုံစံမျိုးမြင်ရမှာပါ။ Password ပြောင်းတာအောင်မြင်ပြီဆိုရင်တော့ ဒီလိုပုံစံမြင်ရမှာပါ။ Review other devices ဆိုတာကတော့ ကိုယ်မဟုတ်ပဲ ကိုယ့်အကောင့်ကို Login ဝင်ထားတဲ့သူတွေကို စစ်လို့ရတဲ့ဟာပါ။ Stay logged in ဆိုတာကတော့ Logout မလုပ်ပဲ ဒီတိုင်းထားလိုက်တာကိုပြောတာပါ။
(၉) Review other devices ဆိုတာရွေးလိုက်ပါမယ်။ ပြီးရင် Continue ဆိုတာကို နှိပ်လိုက်ပါ။
(၁၀) ကိုယ့်Accountကို login ဝင်ထားတဲ့ ဖုန်းတွေ ကွန်ပျူတာတွေကို စစ်လို့ရပါတယ်။ ကိုယ်သုံးနေတဲ့ ဖုန်းမဟုတ်ဘူးဆိုရင် ဖုန်းနာမည်ဘေးက အစက်လေးသုံးစက်ကို နှိပ်ပြီး Log out of this device ဆိုတာကိုလုပ်ရပါမယ်။ ကိုယ်သုံးနေတဲ့ Device တွေမှန်တယ်ဆိုရင်တော့ ဘာမှလုပ်စရာမလိုတော့ပါဘူး။ Back ဆိုတာကိုနှိပ်ပြီး ပြန်ထွက်လို့ရပါပြီ။
ကဲ ဒါဆိုတော့ Facebook Password ဘယ်လိုပြောင်းရလဲဆိုတာ အခုသိကြပြီမဟုတ်လား။
ကဲ ဒါပြီးတော့ ပေါ်ဦးက ဆက်ပြီး အင်တာနက်ပေါ်က မသမာသူတွေ အချက်အလက်ခိုးယူပုံကို နည်းနည်း ဆက်ပြောဦးမယ်။