InternetBawdar

မာတိကာ

မာတိကာ

  • အပိုင်း ၁၂။ ကြောင်မရှိ ကြွက်ထ

    မောင်မယ်တို့ရေ အခုချိန်ထိ ပေါ်ဦးက လူမှုကွန်ရက်ကြီးမှာ အကြောင်းအရာတွေတင်တာဟာ လူကြားသူကြားထဲမှာ နေထိုင်ပြောဆိုတာနဲ့ အတူတူပဲလို့နိုင်းယှဥ်ပြီးတော့ အဲ့ဒီမှာ ဘယ်လို ဆင်ခြင်ရမလဲဆိုတာကို ပြောပြခဲ့တယ်နော်။ အခုကစပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက်အကောင့်ကို ဘယ်လို လုံခြံုအောင်ထားရမယ်ဆိုတာကို ဆက်ပြောမယ်။ ကိုယ့်လူမှုကွန်ရက်အကောင့်က အပြင်မှာဆိုရင် ကိုယ့်အိမ်နဲ့တူတယ်ကွဲ့။ အိမ်ထဲမှာ ကိုယ်ပိုင်တဲ့ အဖိုးတန်အရာတွေထားတယ်၊ ကိုယ့်အတွင်းအရေးအချက်အလက်တွေ၊ သူများတွေ မမြင်အောင် သိမ်းထားတဲ့ လှို့ဝှက်ချက်တွေရှိတတ်တယ်မလား။ အဲ့ဒါကြောင့် သူစိမ်းတွေမဝင်အောင် မောင်မယ်တို့ ကိုယ့်အိမ်ကို သေချာသော့ခတ်ကြတတ်တာ အာလုံးပါပဲ။ အဲ့တော့ အင်တာနက်လောကကြီးမှာလည်း မောင်မ​ယ်တို့ရဲ့ ဖုန်းတို့ အွန်လိုင်းအကောင့်တို့ကလည်း မမြင်ရတဲ့ မောင်မယ်တို့ နေထိုင်တဲ့ အိမ်ပါပဲ။ အဲ့တော့ အဲ့အိမ်တွေလုံခြုံအောင် ဘယ်လိုလုပ် ရလဲသိလား။ စကားဝှက် (အင်္ဂလိပ်လို Password) နဲ့ ကာကွယ်ရတယ်ကွဲ့။

    Password (စကားဝှက်) ဆိုတာကတော့ ဒီဂျစ်တယ်နည်းပညာသုံး အရာတိုင်းရဲ့ သော့တွေပဲ။ အဲ့တော့ ကိုယ့်ရဲ့ အိမ်တွေမှာ သော့မခတ်ထားရင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ပါသွားနိုင်သလိုမျိုးပဲ လူမှုကွန်ရက်တွေကိုလည်း သော့(password)ကောင်းကောင်းနဲ့ ခိုင်ခိုင်ခံ့ခံ့ခတ်ထားမှ မောင်မယ်တို့ရဲ့ အင်တာနက်ပေါ်မှာတင်ထားတဲ့ အချက်အလက်တွေ (ဥပမာ မိသားစုဓါတ်ပုံတွေ၊ မွေးနေ့မွေးရက်တွေနဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်)တွေကို သူများတွေက မခိုးယူနိုင်မှာပါ။ ဆိုရှယ်မီဒီယာရဲ့ စကားဝှက်တွေ ခိုးယူခံရခဲ့ရင် ကိုယ်ပဲမြင်ရအောင် သိမ်းထားတဲ့ပို့စ်တွေ၊ အချက်အလက်တွေ သိသွားနိုင်တာမျိုး၊ ကိုယ့်ကိုအရှက်ရအောင် အသေးစိတ်အချက်အလက်တွေကို ဝင်ပြင်တာမျိုး၊ ကိုယ်နဲ့ကိုယ့်သူငယ်ချင်းနှစ်ယောက်အကြားပြောထားတဲ့ ကိစ္စတွေကို သိသွားနိုင်တာမျိုး၊​ ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေကို ပေါက်ကရမက်​စေ့တွေ လိုက်ပို့တာမျိုး၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေကို ဒေါင်းလုတ်ဆွဲယူသွားတာမျိုးကစလို ကိုယ့်ကို တွေလုပ်နိုင်တာကြောင့် ကိုယ့်ရဲ့ဖေ့စ်ဘုတ်တွေ၊ အင်စတာဂရမ်တွေရဲ့ အိမ်သော့တွေ့ဖြစ်တဲ့ Password တွေကို သေချာခိုင်ခိုင်မာမာထား ဖို့အရမ်းအရေးကြီးတယ်ကွဲ့။​

    နောက်ပြီး ကိုယ့်ရဲ့ ဖုန်းတွေကိုလည်း စကားဝှက်တွေနဲ့ ပိတ်ထားမှ ဖြစ်မယ်။ တစ်ချို့က ကိုယ့်မှာ ဘာမှာဖုံးကွယ်စရာမရှိလို့ ဖုန်းစကားဝှက် ထားစရာမလိုဘူးလို့ ထင်ကြတယ်။ ဒါပေမယ့် တော်ကြာဖုန်းခိုးခံရရင် ကိုယ့်ရဲ့ ဖုန်းထဲက သိမ်းထားတဲ့ အချက်အလက်တွေကို သူများတွေ သိသွား၊ မြင်သွားနိုင်မယ်ကွဲ့။ အဲ့အခါ ကိုယ့်ဖုန်းထဲ မိသားစုတွေ၊ သူငယ်ချင်းတွေရဲ့ အချက်အလက်တွေပါရသွားရင် ကိုယ်တင်မက ပတ်ဝန်းကျင်ကသူတွေကိုပါ ကိုယ့်ပေါ့ဆမှုကြောင့် ဒုက္ခပေးရာရောက်မယ်။

    အရမ်းကြီးဆုံးကတော့ ကိုယ့်ရဲ့ စကားဝှက်တွေကို ကိုယ်လောက်ပဲယုံရသူဖြစ်စေ ဘယ်သူ့ကိုမှ မပြောပြဖို့အရေးကြီးတယ်။ ဒါက တစ်ဦးတစ်ယောက်ချင်းစီရဲ့ တစ်ကိုယ်ရည်အချက်လက်တွေကို လုံခြံုစွာထိန်းသိမ်းနိုင်ခွင့် အခွင့်အရေးပဲကွယ့်။

    ဒီထက် ပို့လို့တောင် အရေးကြီးတာက၊ ကိုယ့်အွန်လိုင်းက အကောင့်တွေအားလုံးရဲ့ စကားဝှက်တွေကို အတူတူ မထားဖို့ပဲ။ အဲ့လိုထားရင် ကိုယ့်ကို အန္တရာယ်ပြုချင်သူက ကိုယ့်အကောင့်တစ်ခုရဲ့ စကားဝှက်ကို မှန်းဆလို့ရသွားရင် ကိုယ့်ရှိသမျှ အကောင့်တွေကို တစ်ပြိုင်နက်တည်း ဖောက်ထွင်းသွားလို့ရလို့ အကောင့်တွေ အကုန်ဆုံးရှုံးနိုင်ပါတယ်။ အဆိုးရွားဆုံးက ကိုယ်က အွန်လိုင်း/mobile ဘဏ်အကောင့်ကို လူမှုကွယ်ရက် စကားဝှက်နဲ့ အတူတူထားရင် လူမှုကွန်ရက်တဆင့် ကိုယ့်ဘဏ်ထဲက ငွေတွေကို ခိုးသွားနိုင်လို့ စကားဝှက်/password ကို အလွန် အလေးထားသင့်တယ်လို့ နှလုံးသွင်းပါကွယ်။