အပိုင်း ၁၀။ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား
ဇီးကွက် နင့်အမေနင့်ကို အမြဲတမ်းပြောတယ်။ အပြင်မှာ သူစိမ်းတွေ ကိုယ့်အကြောင်းကို ဟိုမေးဒီမေးလာလုပ်ရင် ပြန်မပြောနဲ့လို့ သင်ပေးထားတာ နင်မှတ်မိတယ်မလား။ အင်တာနက်လောကမှာ ဒီလိုပဲကွဲ့ ဟဲ့ကောင်။
အရင်တစ်ခေါက်က ပြောထားသလို ကိုယ့်လူမှုကွန်ရက်ထဲမှာ ကိုယ်သေချာမသိတဲ့သူတွေ၊ အကောင့်အတုအယောင်တွေရှိတာ မှတ်မိတယ်မလား။ သူတို့က လူမှုကွန်ရက်ထဲမှာ ကိုယ့်အကြောင်း မြင်နေနိုင်တာတင်မကဘူး။ တစ်ခါတစ်ရံ ကိုယ့်ကို လာဆက်သွယ်ဖို့ကြိုးစားတာလည်း ရှိနိုင်တယ်။
လူမှုကွန်ရက်တွေပေါ်မှာ ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ကို messengerရဲ့ Chats တွေကနေတစ်ဆင့် ကိုယ့်အကြောင်းတွေကို ပြောမိနေလားဆိုတာ သတိထားနေသင့်တယ်။ အွန်လိုင်းအသုံးပြုသူ တစ်ချို့က တစ်ခါတစ်လေ သူတို့ရဲ့ရိုးသားပွင့်လင်းပြီး ခင်မင်မိတဲ့စိတ်နဲ့ တစ်ဖက်လူကို ကိုယ်နဲ့သက်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သတိမမူဘဲ ပြောပြမိတာတွေကို မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ခုခုကို မပြောခင်တိုင်း သေချာ အလေးအနက်ထားစဉ်းစားပါ။ အွန်လိုင်းကသူစိမ်းတွေကို သံယစိတ်နဲ့ စကားပြန်မပြောတာဟာ ကိုယ့်လုံခြုံရေးကို ဂရုစိုက်ခြင်းသာ ဖြစ်ပါတယ်။ “ချေတာ” မဟုတ်ပါ။
ဘယ်သူမှန်းမိသိတဲ့ သူတစ်ယောက်ကို မိမိ ဘယ်မှာနေတယ်၊ ဘယ်နေ့ ဘယ်သွားမယ်၊ ဘယ်သူနဲ့တွေ့မယ်၊ ဘယ်နေ့ဘယ်ချိန် ဘယ်မှာရှိနေတတ်တယ် စတာတွေကို ပြောပြထားရင် ကိုယ့်အပေါ်ကို အန္ကရာယ်ကြီးကြီးမားမားတွေ ကျရောက်လာ နိုင်ပါတယ်။ တစ်ခါတစ်လေ ဒီကိစ္စတွေက ပြဿနာကြီးကြီးမားမား မဖြစ်တတ်ပေမယ့် မိမိကို ရန်ပြုချင်တဲ့သူတွေက မိမိရဲ့အချက်အလက်တွေ သိသွားနိုင်တဲ့အတွက် အပြင်မှာ မသိတဲ့သူတွေကို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဖြစ်တဲ့ အိမ်နေရာ၊ ကျောင်းနေရာ၊ အလုပ်နေရာနဲ့ မိမိအကြောင်းတွေကို မတော်တဆပဲဖြစ်ဖြစ် သဘောအလျောက်ပဲဖြစ်ဖြစ် မပြောမိအောင် သတိထားဖို့လိုပါမယ်။